မြန်မာနိုင်ငံရှိကျား၊မရေးရာကဏ္ဍ၊ အကြမ်းဖက်မှုနှင့် တိုင်းရင်းသား ပဋိပက္ခ

Gender, Violence and Ethnic Conflict in Myanmar

မြန်မာနိုင်ငံရှိကျား၊မရေးရာကဏ္ဍ၊ အကြမ်းဖက်မှုနှင့် တိုင်းရင်းသား ပဋိပက္ခ

၂၀၂၀ ဇူလိုင်လ ၈ ရက်နေ့တွင် TEACIRCLEOXFORD စာမျက်နှာတွင်ဖော်ပြထားသောအကြောင်းအရာဖြစ်ပါသည်။

Jae Park နှင့် Alexandre Pelletier တို့က မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် ပတ်သက်၍ စဉ်းစားရာတွင် ကျား၊မ ရေးရာကို ထည့်သွင်းစဥ်းစားရန်လိုအပ်ကြောင်းကို ဖော်ပြထားပါသည်။

၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သော်လည်း ကချင်၊ရခိုင်နှင့်ရှမ်းပြည်နယ်တို့တွင် တိုက်ခိုက်မှုများမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ ထို့ကြောင့်နှစ်ပေါင်း “၇၀” ကြာဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် လူ့အသက် ဆုံးရှုံးမှုသာမက ရုပ်ပိုင်းဆိုင်ရာ ပျက်စီးခြင်းများကြောင့်  တိုင်းပြည်အတွင်း လူမှုရေးနှင့် စီးပွားရေးနှင့် ပတ်သက်ပြီး ပေးဆပ်နေရဆဲဖြစ်သည်။

စစ်ပွဲသည်အားလုံးအပေါ် သက်ရောက်မှုရှိသော်လည်း အမျိုးသားနှင့်အမျိုးသမီးတို့အပေါ် သက်‌ရောက်မှုမှာ မူကွဲပြားခြားနားသည်။ မည်သည့်ပဋိပက္ခအခြေအနေတွင်မဆို ကျား၊မရေးရာ ကွဲပြားမှုသည် လူတစ်ဦးချင်းစီကို မတူညီသောအန္တရာယ်များနှင့် ကြုံတွေ့စေနိုင်ပြီး ထိခိုက်လွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ မြန်မာနိုင်ငံရှိပဋိပက္ခဖြစ်ဖြစ်ပွားရာဒေသများတွင်များစွာသော ယောက်ျား ငယ်လေးများနှင့် အရွယ်ရောက်ပြီး အမျိုးသားတို့သည် စစ်မှုထမ်းခြင်းနှင့်သက်ဆိုင်သော အကြမ်းဖက်ခံရမှု အတွေ့အကြုံများကို သူတို့၏ဘဝအစပိုင်းများတွင် ခံစားခဲ့ကြရပြီး ကျန်ရှိသည့်ဘဝတစ်လျောက်လုံး ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များနှင့် နေထိုင်သွားကြရပါသည်။ ဤဒေသများရှိ မိန်းကလေးများနှင့် အမျိုးသမီးများ တို့သည်လည်း သူတို့၏ ကိုယ်ခန္ဓာများကို  စစ်ပွဲနှင့်လူကုန်ကူးမှုတွင် အရာဝတ္တုသဖွယ် အသုံးချခံရခြင်းဖြင့် ကျား၊မအခြေပြု အကြမ်းဖက်မှုဟူသော ပြင်းထန်သောအန္တရာယ်နှင့်ရင်ဆိုင်ကြရပြန်ပါသည်။

အမျိုးသမီးနှင့်အမျိုးသားများအပေါ်စစ်ပွဲများ၏ ကွဲပြားခြားနားသော သက်ရောက်မှုများကို အလေးထား၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့သို့ချီရန်နှင့် စစ်ပွဲ၏ရေရှည် အကျိုးဆက်များကို ဖြေရှင်းရန် မူဝါဒများရေးဆွဲရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အခြားနေရာများကဲ့သို့ပင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားနိုင်သလို ပြည်သူ့ဝန်ဆောင်မှုပေးရာတွင် အစိုးရ၏ပိုမိုတာဝန်ခံမှုကို မြှင့်တင်ရန်နှင့် အမျိုးသမီးများပါဝင်မှုအတွက် တံခါးပေါက်အဖြစ်လဲယူဆနိုင်သည်။ ပဋိပက္ခနှင့်၎င်း၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆိုးမွေများသည် ဆက်လက်တည်ရှိနေသည်သာမက  ကျား၊မရးရာ ခွဲခြားမှု အလေ့အကျင့်များ၊ မညီမျှမှုများနှင့် ခွဲခြားဆက်ဆံခြင်းတို့ကိုပါ ဆက်လက် ဖြစ်ပေါ်စေပါသည်။ ကျား၊မရေးရာ  လိုအပ်ချက်များနှင့် မညီမျှမှုများကို မဖြေရှင်းနိုင်ပါက ဒီမိုကရေစီရေးရာအောင်မြင်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံတွင်ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် အမျိုးသားများနှင့် အမျိုးသမီးများအတွက်မညီမျှမှုများသည်ဆက်လက်ဖြစ်ပေါ်စေနိုင်ပါသည်။

ဤအပိုင်းတွင် အမျိုးသမီးများနှင့် အမျိုးသမီးများအပေါ် ပဋိပက္ခ၏သက်ရောက်မှုအချို့ကို ဆန်းစစ်ရန် ဒေသခံအသိုင်းအဝိုင်းများမှ အထောက်အထားများကိုကျွန်ုပ်တို့ စုစည်းဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဤစာတမ်းအတွက် သက်သေအထောက်အထားများကို ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သုတေသနစင်တာ၏ထောက်ပံ့မှုဖြင့် တိုရွန်တိုတက္ကသိုလ်နှင့် မြန်မာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအင်စတီကျုတို့အကြား ပူးပေါင်း လုပ်ဆောင်ခဲ့သောစီမံကိန်းတစ်ခု၏ အစိတ်အပိုင်းအဖြစ် စုဆောင်းခဲ့သည်။ သုတေသနအဖွဲ့သည် အမျိုးသမီးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများ စသည့်ဒေသဆိုင်ရာ သက်ဆိုင်သူများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကချင်၊ ကရင်နှင့်မကွေး‌ဒေသများရှိ အိမ်ထောင်စု ဦးရေ ၂,၇၄၇ ကိုစစ်တမ်းကောက်ယူခဲ့သည် (UofT-IDRC ၏စစ်တမ်း)။ ဤစာတမ်းသည်ကျား၊မရေးရာကိစ္စနှင့်ပတ်သက်ပြီး ပဋိပက္ခ၏ သက်ရောက်မှုများ အပြည့်အစုံဖော်ပြနိုင်သည် မဟုတ်သော်လည်း ကျွန်ုပ်တို့၏ လုပ်ဆောင်သည့် ကာလအတွင်း မကြာခဏဖြစ်ပေါ်ခဲ့သောအကြောင်းအရာ ခေါင်းစဉ်အချို့ကိုမီးမောင်းထိုးပြထားခြင်း ဖြစ်ပါသည်။

ယောက်ျားကလေးများနှင့်အရွယ်ရောက်ပြီးအမျိုးသားများ - ပစ်ခတ်တိုက်ခိုက်မှုများ၊ စစ်သား စုဆောင်းခြင်းနှင့် ကျား၊မရေးရာမျှော်လင့်ချက်များ

ပြည်တွင်းစစ်သည် အမျိုးသားများနှင့် အမျိုးသမီးများ အပေါ် သိသိသာသာ သက်ရောက်မှု ရှိသည်။ သို့သော် ယောက်ျားလေးများနှင့် အရွယ်ရောက်ပြီးအမျိုးသားများသည် အထူးသဖြင့် ပဋိပက္ခနှင့် အကြမ်းဖက်မှု အတွေ့အကြုံများကိုမကြာခဏတွေ့ကြုံရလေ့ရှိသလို ၎င်းတို့၏ ကနဦးကာလများတွင် စစ်မှုထမ်းအတွေ့အကြုံများအားတိုက်ရိုက်ခံစားတွေ့ကြုံခဲ့ကြရပါသည်။ ၎င်းတို့ထဲမှ အများစုသည် အစိုးရ တပ်မတော်အပေါ် မကျေနပ်မှုများနှင့် မတရားခံရမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(EAO)သို့ စေတနာ့ဝန်ထမ်းများအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ကြသည်။ သို့သော်ဤစိတ်ဆန္ဒများက အမျိုးသားများ အတွက် လုပ်သင့်လုပ်ထိုက်သည့် အပြုအမူဖြစ်သည်ဆိုသည့် ကျားမရေးရာခွဲခြားမှုစံနှုန်းများနှင့် ရောထွေးနေပြန်ပါသည်။ လူမှုအသိုင်းအဝိုင်းများနှင့်မိသားစုများက အမျိုးသားများသည် ရပ်ရွာ၏ “ကာကွယ်သူများ”ဆိုသည့် အခန်းကဏ္ဌကို ရယူရန်မျှော်လင့်ကြပါသည်။ အကျပ်အတည်း ကာလ၌ဤမျှော်လင့်ချက်သည် အားကောင်းလာသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၌ပါဝင်ရန်မှာ ယောက်ျားလေးများနှင့် အမျိုးသားများ၏ ဆုံးဖြတ်ချက်အပေါ်တွင် များစွာမူတည်လာသည်။ အသိုင်းအဝိုင်းများစွာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွင်ပါဝင်ရန် မည်သည့်အရာကမျှ တွန်းအားပေးခြင်း မရှိသော်လည်း လူငယ်အမျိုးသားများသည် ရပ်ရွာလူထုအပေါ်တွင် တာဝန်ရှိသည်ဟုခံစားရပြီး စစ်ရေးလှုပ်ရှားမှုများတွင်သူတို့၏ပါဝင်ပတ်သက်မှုကို လေးစားမှု အရင်းမြစ်အဖြစ် ရှုမြင်ကြသည်။

မကြာသေးမီက ဖြစ်ပွားနေသော ပဋိပက္ခများ မြင့်တက်လာသည့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း ၎င်းတို့၏ အင်အားကို မြှင့်တင်ရန် ရံဖန်ရံခါလူငယ်များ ခေါ်ယူလေ့ရှိသည်။ ဒေသခံများမှ စစ်မှုထမ်းရန်  နှစ်သက်ခြင်းရှိမရှိမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအပေါ်မူတည်၍ ကွဲပြားနိုင်သည်။ RCSS၊ TNLA နှင့် KIO တို့၏ စုဆောင်းမှု အလေ့အကျင့်များမှာ အများအားဖြင့်တူညီကြပြီး ယေဘုယျအားဖြင့် အိမ်ထောင်စုများမှ အနည်းဆုံးအသက် ၁၈ နှစ်အထက် အမျိုးသားတစ်ဦး အနေဖြင့်စစ်မှုထမ်းပါဝင်ရန်မျှော်လင့်ကြသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများစုက အတင်းအဓမ္မစုဆောင်းခြင်းကို တားဆီးသည်ဟု ဆိုသော်လည်း Amnesty Internationalမှ ဖော်ပြသကဲ့သို့ “အတင်းအဓမ္မစေခိုင်းမှုနှင့် စေတနာအလျောက် စစ်မှုထမ်းခြင်းသည် အချို့သောမိသားစုများအကြား လက်တစ်လုံးကြားကဲ့သို့ ဖြစ်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၌ “တာဝန်ထမ်းဆောင်ခြင်း”သည် သူတို့၏တာဝန် ဖြစ်သည်ဟူ၍ ယူဆထားခြင်းရှိသလို (စာမျက်နှာ ၄၀) အချို့ကမူ စစ်မှုထမ်းခြင်းအား အတင်းအဓမ္မစုဆောင်းခြင်းဟုယူဆကြပါသည်။ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိတိုင်းရင်းသားအုပ်စုများတွင် လူသစ်စုဆောင်းမှု ပြုလုပ်သောအခါ ဖြစ်လေ့ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် စစ်မှုထမ်းခြင်းမှ လွတ်မြောက်ရန်  မိသားစုများသည် လာဘ်ထိုးကြသည်ရှိသလို အခြားသူများမူ စောစောစီးစီးလက်ထပ်ခြင်းအားဖြင့် သော်လည်းကောင်း၊ အတုအယောင် ဇာပနချခြင်းဖြင့်သော်လည်းကောင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းအားဖြင့် သော်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင်များ၏ လူစုဆောင်းမှုမှ ရှောင်တိမ်းခဲ့ကြပါသည်။ အချို့သော ဒေသခံရပ်ရွာလူထုများသည် တပ်မတော်၏ ပံ့ပိုးမှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအား လက်တုံ့ပြန်ရန် ပြည်သူ့စစ်အဖွဲ့များကိုပင်ဖွဲ့စည်းခဲ့ကြသည်။ အထူးသဖြင့်ထိုကဲ့သို့ စစ်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ရွာသူရွာသားများ၊ ယောက်ျားလေးများနှင့် အမျိုးသားများသည် ပဋိပက္ခများအပြီးတွင် ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိလာစေရန်နှင့် မိမိတို့၏ ကိုယ်ပိုင်ရပ်ရွာ အသိုင်းအဝိုင်းများသို့  ပြန်လာခြင်း၌ပင် အခက်အခဲများ ကြုံကြရပါသည်။

ယောက်ျားလေးများနှင့်အမျိုးသားများသည် တပ်မတော်မှ အတင်းအဓမ္မစုဆောင်းခြင်းအားဖြင့် ပဋိပက္ခကို ပထမဆုံးကြုံတွေ့ခဲ့ရခြင်းဖြစ်ပါသည်။ စစ်ဆင်ရေးများတွင် တပ်မတော်သည် ရွာသား များအား ပေါ်တာအဖြစ်လည်းကောင်း၊ အလုပ်သမားများအဖြစ်သော်လည်းကောင်း အသုံးချခြင်း များရှိပြီး အဆိုးဆုံးအနေဖြင့် “လူသားဒိုင်းများ” နှင့်“လူသားမိုင်းရှင်းလင်းသူများ” အဖြစ် အတင်းအကြပ်ခိုင်းစေခဲ့သည်။ အရပ်သားများအား လိုက်နာမှုရှိစေရန်တပ်မတော်သည် ပူးပေါင်း ဆောင်ရွက်မှုမရှိသော အရပ်သားများအား ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်ခြင်းနှင့် အတင်းအကြပ် ဆပ်ကြေးကောက်ခံခြင်း၊ ထိန်းသိမ်းခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ တပ်မတော်သည် အမျိုးသားများနှင့် အမျိုးသမီးများအားပစ်မှတ်ထားသော်လည်း အမျိုးသားများသည်ကာယပိုင်းဆိုင်ရာ အလုပ်များ အတွက် အထူးသဖြင့် ပင်ပန်းဆင်းရဲမှုများ နှင့် အကြမ်းဖက်မှုများကို တိုက်ရိုက် ခံစားခဲ့ရသည်။ ရှမ်းပြည်နယ်တွင် ထိုကဲ့သို့စုဆောင်းမှုများကြောင့် ကျေးလက်ဒေသများစွာတွင် ယောက်ျား အနည်းငယ်သာကျန်ရှိခြင်း မိသားစုများတကွဲတပြားဖြစ်ခြင်းနှင့်  လူမှုသဟဇာတဖြစ်ခြင်းများကို ခြိမ်းခြောက်လျက်ရှိပါသည်။ တပ်မတော်သည် အတင်းအဓမ္မ စုဆောင်းခြင်းမပြုလျှင်လည်း အမျိုးသားများအား ခရီးသွားလာမှုများတွင်  တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်မှုရှိသည်ဟုသော သံသယများဖြင့် ပစ်မှတ်ထားဖမ်းပြီး မေးမြန်း စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများအားပြုလုပ်လေ့ရှိသည်။

ယောက်ျားလေးများနှင့်အမျိုးသားများ၏ - စိတ်ဖိအားများ၊ စိတ်ဒါဏ်ရာများအတွက် ပံ့ပိုးရန် ပျက်ကွက်ခြင်း၊

လူမှုအသိုင်းအဝိုင်းများနှင့်မိသားစုများက အမျိုးသားများသည် ထောက်ပံ့သူများအပြင် ကာကွယ် သူများအဖြစ်တာဝန်ယူပေးရန် ထပ်ဆောင်းမျှော်လင့်ကြသည်။ ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် များနှင့်တပ်မတော်မှ ချမှတ်ထားသောစစ်ဆေးရေးဂိတ်များ၊ ညမထွက်ရ အမိန့်များနှင့် မြေမြှုပ်မိုင်းများကြောင့် လှုပ်ရှားမှုများကိုများစွာ အဟန့်အတားဖြစ်စေသည်။ ဤအခြေအနေများတွင် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်စရာများမှာ အလွန်နည်းပါးသည်။ အချို့အမျိုးသားများသည် အလုပ်အကိုင်အတွက် တစ်နယ်တစ်ကျေးသို့ ရွေ့ပြောင်းသွားရခြင်းဖိအားများရှိခဲ့သလိုအချို့မှာ တိုင်းရင်းသား လက်နက်ကိုင်များသို့မဟုတ် တပ်မတော်သို့ စိတ်မသက်မသာဖြင့် ဝင်ရောက် ခဲ့ကြရသည်။

ပြည်တွင်းနေရပ်စွန့်ခွာ ဒုက္ခသည်စခန်းများတွင် ခိုလှုံသူများသည်လည်း ပိုမိုကောင်းမွန်သော အခြေအနေသို့ ရောက်ရှိသွားဟန် မတူပါ။ ဤမိသားစုများသည် မကြာသေးမီက သူတို့၏မြေယာပိုင်ဆိုင်ခွင့်ကိုသာမက ကိုင်တွယ်ဖြေရှင်းမှုယန္တရားအား ဆုံးရှုံးခဲ့ရသည်။ သူတို့သည် လောလောလတ်လတ် ဆင်းရဲနွမ်းပါးသူများနှင့် အလုပ်လက်မဲ့များဖြစ်လာခဲ့ကြရပါသည်။ ဆင်းရဲနွမ်းပါးမှုသည် အားလုံးအပေါ် သက်ရောက်မှုရှိသော်လည်း လူမှုရေးနှင့်ကျား၊မရေးရာ မျှော်လင့်ချက်များကြောင့် အမျိုးသားများသည် မိသားစုများကိုမထောက်ပံ့နိုင်သည့်အခါ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအရစိတ်ဆင်းရဲမှုများ ခံစားရလေ့ရှိသည်။ ကျွန်ုပ်တို့လေ့လာ တွေ့ရှိချက်များအတိုင်း ဤကျား၊မရေးရာမျှော်လင့်ချက်များသည် လူငယ်များကြားတွင် စိတ်ပျက်စရာများကို ပိုမိုဆိုးရွားစေသည်ဟုဖော်ပြချက်များလည်းရှိပါသည်။ ၎င်းသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းဒုက္ခသည်စခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ လိင်ကွဲပြားမှုပေါ် အခြေခံသော အကြမ်းဖက်မှုများနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွားမှုများ တိုးပွားလာမှုကို ထပ်မံဖြစ်ပေါ်စေပါသည်။

ပဋိပက္ခသည်ရေရှည်အကျိုးဆက်များကိုဖြစ်ပေါ်စေသည်။ လူငယ်များ၏ဘဝတွင်   စစ်ပွဲတွင် ပါဝင်ရခြင်းသည် ဘဝလမ်းစဉ်တစ်ခုဖြစ်လာသည်။ စစ်ရေးဆိုင်ရာကျွမ်းကျင်မှုအပြင်၊ များစွာသော သူတို့သည်အလုပ်အကိုင်နှင့်ဈေးကွက်တွင်ပြိုင်ဆိုင်နိုင်သည့် ကျွမ်းကျင်မှု နှင့် အရည်အချင်းများ ဆိတ်သုန်းကုန်ပါသည်။ တိုက်ပွဲဝင်သူများသည် ရန်လိုမုန်းတီးမှုများ အဆုံးသတ်သွားသည်ကို သတိပြုမိပြီး သင့်လျော်သောပံ့ပိုးမှု၊ စီးပွားရေးအခွင့်အလမ်းများနှင့် လေ့ကျင့်သင်ကြားမှုများမရှိပဲ ပြန်လည်ပေါင်းစည်းရေးမဖြစ်နိုင်ဟု ခံစားရကြပါသည်။ အချို့အမျိုးသားများသည် စစ်မြေပြင်မှ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာများဖြင့် ပြန်လာကြပြီး အလုပ်ပြန်လည်လုပ်ကိုင်နိုင်ခြင်းနှင့် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ခြင်းစသည်တို့ကို များစွာ အကန့်အသတ်ဖြစ်သွားစေပါသည်။

စစ်ပွဲသည် ကုသဖို့ခက်ခဲသော စိတ်ပိုင်းဆိုင်ရာဒါဏ်ရာ များကို ကျန်ရစ်ခဲ့စေပါသည်။ အထူးသဖြင့် ယောက်ျားလေးများနှင့်အမျိုးသားများသည် အစားအစာ ပျက်လပ်ခြင်းနှင့် ရောဂါများရရှိခြင်း၊ မိတ်ဆွေသူငယ်ချင်းများဆုံးရှုံးခြင်းကြောင့် ဝမ်းနည်းပူဆွေးခြင်းနှင့်ရင်ဆိုင်ကြရသလို အကြမ်းဖက်ခြင်း ကိုမျက်မြင်ကိုယ်တွေ့ ပတ်သက်ခံစားကြရပါသည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များမှ ယခင်တိုက်ပွဲဝင်သူများသည် စစ်မြေပြင်တွင် စိတ်သောကရောက်မှုများကြုံတွေ့ခဲ့ရသည်။ သို့သော်အမျိုးသားများနှင့် ပတ်သက်သော ကျားမဆိုင်ရာ မျှော်လင့်ချက်များသည် အမျိုးသားများအတွက် အကူအညီတောင်းခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာကို ဆွေးနွေးခွင့် ရရှိဖို့ အတားအဆီးများ ဖြစ်စေခဲ့ပါသည်။ ယခင်စစ်သားဟောင်းများက သူတို့၏စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဆွေးနွေးလိုကြသည့် အခါတွင်လည်း မြန်မာနိုင်ငံတွင်စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိရန်မှာမူ အလွန်ရှားပါးလှပါသည်။

မူးယစ်ဆေးဝါးအလွန်အကျွံရရှိမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု အလွန်အမင်းပျံနှံ့နေမှုသည် ကချင်နှင့် ရှမ်းစသည့် ပြည်နယ်များရှိ လူငယ်နှင့်အမျိုးသားများကို အလွန်ပင်ထိခိုက်စေပါသည်။ စီးပွားရေး အခွင့်အလမ်းများမရှိခြင်း၊ အမျိုးသားများသည် သူတို့၏မိသားစုကို ထောက်ပံ့ရန် ပျက်ကွက်သည်ဟု ခံစားရခြင်းနှင့်လုံခြုံမှုကင်းမဲ့ခြင်းသည် နေရပ်စွန့်ခွာရွေ့ပြောင်းဒုက္ခသည် စခန်းများအတွင်း မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် စွဲလမ်းမှုများကိုအားပေးသည့် အချက်များအဖြစ် မကြာခဏ ဖော်ပြလေ့ရှိသည်။ ကချင်ပြည်နယ်တွင် ကျွန်ုပ်တို့၏တွေ့ဆုံမေးမြန်းမှုများအရ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုကို မြှင့်တင်ခြင်းသည် တပ်မတော်၏ လက်နက်ကိုင် အဖွဲ့များအားဆန့်ကျင်ရေး နည်းဗျူဟာအဖြစ် သုံးသပ်ဖော်ပြကြပါသည်။ ယောက်ျားလေးများနှင့် အမျိုးသားများသည် ကျောက်စိမ်းတွင်းများ၊ ကြမ်းတမ်းသောလုပ်ငန်းခွင် အခြေအနေများနှင့် မူးယစ်ဆေးဝါးများကို အလွယ်တကူရရှိနိုင်သည့်နေရာများတွင် အလုပ်ရှာကြရသောအခါ၊ ကချင်ပြည်နယ်ရှိ အမျိုးသားများအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုသည် ဒေသခံပြည်သူများရှိ အမျိုးသားများအကြား ပျံ့နှံ့သွားပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အချိန်မတန်မီ သေဆုံးမှုများ ဖြစ်ပေါ်စေသည်ဟု ဖြေဆိုသူအချို့ကပြောကြားခဲ့သည်။ ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်းသည် မူးယစ်ဆေးဝါးသုံးစွဲသူများ ဖြစ်သောအမျိုးသားများ၌ အိတ်ခ်ျအိုင်ဗွီ၊ အသည်းရောင် (ဘီပိုး) နှင့်တီဘီစသည့် သွေးမှကူးစက်နိုင်သည့် ရောဂါများကူးစက်နိုင်ခြေ အန္တရာယ်မြင့်မားသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများကိုလူမှုရေးအရ ဖယ်ကျဉ်ခြင်းသည် မူးယစ်ဆေးစွဲသူများအား လုံလောက်သော ကုသမှုခံယူရန်ခက်ခဲစေသည်။ အမျိုးသားမူးယစ်ဆေးဝါးကုသရေးဌာနများ၌ ကုသသော မူးယစ်ဆေးဝါး သုံးစွဲသူအများစုသည် အသက် (၂၅) နှစ်မှ (၃၉) နှစ်ကြားအမျိုးသားများ (၉၄.၉ရာခိုင်နှုန်း) ဖြစ်ပြီး၊ အလုပ်သမား လူတန်းစားများတွင် ပါဝင်သည်။ ၎င်းတို့အနက် အများစုမှာ ဗမာနှင့်ရှမ်း လူမျိုးများဖြစ်သည်။ ရှမ်းပြည်နယ်တွင် ကျွန်ုပ်တို့တွေ့ဆုံမေးမြန်းခဲ့သော လူအများစုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မူးယစ်ဆေးဝါးသုံးစွဲသူများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်သို့ သိမ်းသွင်းမှုများရှိသည်ဟုဆိုသည်။ သို့သော်ပြန်လည် ကောင်းမွန်လာသည့်လူနာများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသို့ သွတ်သွင်းခြင်းကြောင့် ၎င်းသည်စုဆောင်းမှု လမ်းကြောင်းအဖြစ် မကြာခဏ အသုံးချသည်ကိုလည်း တွေ့ရပါသည်။ ကချင်ပြည်နယ်မှ မူးယစ်ဆေးဝါး သုံးစွဲသူများကို မူးယစ်ဆေးဝါး အလွဲသုံးမှုဖြတ်တောက်ရန်အတွက်NGOများမှ ဖွင့်လှစ်ထားသည့် ဒေသခံပြန်လည်ထူထောင်ရေး စခန်းများတွင်လည်း ဖမ်းဆီးထိန်းသိမ်းမှုများရှိကြောင်း ဖော်ပြ ထားသည်ကို တွေ့ရပါသည်။ လူငယ်များသည်ပြင်းထန်သည့် ပြန်လည်ထူထောင်ရေးဖြစ်စဉ်များ၊ အခြေခံဆေးဝါးကရိယာနှင့် ဝန်ထမ်းလုံလောက်မှုမရှိခြင်းတို့ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မကြာခဏ ကြုံတွေ့ခံစားရလေ့ရှိပါသည်။

အမျိုးသမီးများနှင့်မိန်းကလေးများ - အသက်မွေးဝမ်းကြောင်းနှင့်လုံခြုံမှုမရှိခြင်း

ပဋိပက္ခသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ကျား၊မမညီမျှမှုများကိုပိုမိုဆိုးရွား စေသည်။ မြန်မာနိုင်ငံတွင်အလုပ်သမားစျေးကွက်သည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးလုပ်သား ပါဝင်မှုသည် အလွန်နည်းသည်။ ကျား၊မရေးရာခွဲခြားမှုစံနှုန်းများသည် ယေဘုယျအားဖြင့် အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ခက်ခဲသောအလုပ်များကို လုပ်ကိုင်ရန် ခက်ခဲစေပါသည်။ ဥပမာအားဖြင့် အမျိုးသမီးများသည် အလွတ်သဘောစီးပွားရေးလုပ်ငန်းများ၊ အခကြေးငွေမရရှိသည့် အလုပ်များနှင့်  အိမ်မှုကိစ္စရပ်များ တွင် အလွန်မင်းကိုယ်စားပြုခံရလေ့ရှိပါသည်။ အလုပ်ရှာသောအခါ အမျိုးသမီးများသည် အမျိုးသားများနှင့်လုပ်အားခ “၂၀” ရာခိုင်နှုန်းခန့် ကွာခြားသည်။ ကျား၊မရေးရာ စံနှုန်းများသည်အမျိုးသမီးများအား မြေယာနှင့်အမွေဆက်ခံခွင့်ကို သွယ်ဝိုက်တားဆီးနိုင်ပါသည်။ နမ္မတီးမှအစီရင်ခံစာတစ်ခုအရ အမျိုးသမီးများသည် မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်ခွင့်အတွက် တရားဝင်အခွင့်အရေးရှိသော်လည်း အမျိုးသမီးအုပ်ချုပ်ရေးမှူးများရှားပါးမှုနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများတွင် အမျိုးသားများလွှမ်းမိုးမှုကြောင့် အခွင့်အရေးများအား အပြည့်အဝခံစားပိုင်ခွင့် မရှိကြောင်းတွေ့ရှိရသည်။ မြေယာအသုံးမပြုနိုင်လျှင် အမျိုးသမီးများသည် အသက်မွေးဝမ်းကျောင်းမှု အတွက် ချေးငွေနှင့် အခြားချေးငွေရရှိရန် ပိုမိုခက်ခဲပါသည်။

ပဋိပက္ခသည်မသေချာမရေရာမှုများကိုဖြစ်ပေါ်စေပြီး ၎င်းသည်ကျား၊မညီမျှမှုကို ဦးတည် စေပါသည်။ ဥပမာအားဖြင့် ပညာရေးတွင်စစ်ပွဲ သို့မဟုတ် ရာဇဝတ်မှုနှင့်ဆက်စပ်သော မလုံခြုံမှုများသည် မိန်းကလေးများအား ကျောင်းပညာရေးလက်လှမ်းမှီခြင်းကို တားဆီးနိုင်သည်။ ကျွန်ုပ်တို့၏ စစ်တမ်းဖြေဆိုသူများအား ပညာရေးအဖွဲ့အစည်းများသည် အိမ်နှင့်လမ်းလျှောက်နိုင်သော အကွာအဝေး၌ မရှိမရှိမေးမြန်းခဲ့ပါသည်။ ဇယား(၁)တွင်ကျေးလက်ဒေသရှိဖြေဆိုသူအများစုသည် အထက်တန်းကျောင်း (သို့) အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ လက်လှမ်း မမီနိုင်သည့်အပြင် အိမ်နှင့်ဝေးကွာသောနေရာတွင်ရှိသောကြောင့် ဖြေဆိုသူများ၏ ထက်ဝက်ခန့်သာ အလယ်တန်း ကျောင်းကို သွားရောက် နိုင်သည်ဟု ဖော်ပြထားသည်။

ကျောင်းများ အလုံအလောက်မရှိခြင်းသည် လူတိုင်းကိုအမှန်ပင်အကျိုး သက်ရောက် စေသော်လည်း အမျိုးသမီးများအပေါ်ပို၍အကျိုးသက်ရောက်နိုင်သည်။ ကျွန်ုပ်တို့၏ စစ်တမ်းတွေ့ရှိချက်များအရ ပညာရေးကိုလေ့လာရာတွင် အမျိုးသမီးများကြုံတွေ့ရသော အရေးအကြီးဆုံးစိန်ခေါ်မှုနှစ်ခုမှာ လုံခြုံရေးနှင့်သက်ဆိုင်သည်။ အထူးသဖြင့် မိန်းကလေးများ ကျောင်းသွားကျောင်းပြန်လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင်လုံခြုံရေးတို့ဖြစ်သည်ကို တွေ့ရပါသည် (ဇယား ၂) ။ ထိုကဲ့သို့ ကျောင်းများနှင့်အကွာအဝေး (ဇယား ၁) အခြေအနေအရ ကျောင်းသို့သွားရောက်နိုင်မှု စိန်ခေါ်မှုသည် ကျေးလက်ဒေသရှိ မိန်းကလေးများအပေါ်ပိုမို သက်ရောက်မှုရှိသည်။ အတော်လေးစိတ်ဝင်စားစရာ ကောင်းသည်မှာအမျိုးသမီးများ၏ လုံခြုံရေးနှင့် ပတ်သက်သည့် ကျား၊မ ခွဲခြားမှုဆိုင်ရာစိုးရိမ်မှုများထက် မိန်းကလေးပီသစွာမည်သို့ ပြုမှုသင့်သည် (မိန်းကလေးဆိုတာ အိမ်မှာနေပြီး အိမ်မှုကိစ္စတွေ ကူညီသင့်သည်) ဆိုသော ကျား၊မ ခွဲခြားမှဓလေ့ထုံးစံများသည် မိန်းကလေးများအတွက်ကျောင်းပညာရေး လက်လှမ်းမှီရန် အတားအဆီးများပိုမို ဖြစ်နေခြင်းက ပို၍အရေးကြီးကြောင်းတွေ့ရှိပါသည်။

 

အမျိုးသမီးများနှင့်မိန်းကလေးများ- နေရပ်စွန့်ခွာရမှုများတွင် ထိခိုက်လွယ်မှုများ

နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုများသည်အမျိုးသမီးများအား အထူးသဖြင့် ထိခိုက်လွယ်စေသည်။ နေရပ်စွန့်ခွာရွေ့ပြောင်းခဲ့ရသော အမျိုးသားများအကြား မူးယစ်ဆေးဝါးနှင့် အရက်အလွန်အကျွံ သုံးစွဲမှုကြောင့် အမျိုးသမီးများသည် အိမ်မှုကိစ္စများသာမက အမျိုးသားများကဲ့သို့ “ကာကွယ်စောင့်ရှောက်သူများ” နှင့် “ပံ့ပိုးသူများ” အနေဖြင့်လည်းတာဝန်ယူကြရသည်။ ကျား၊ မရေးရာ အခန်းကဏ္ဌများ ပြောင်းလဲမှုများသည် မိသားစုအတွင်း တင်းမာမှုများကိုဖြစ်ပေါ်စေပြီး အမျိုးသမီးများအား အိမ်တွင်း အကြမ်းဖက်မှုကို ဖြစ်ပေါ်စေသည်။ ပြည်တွင်းနေရပ်စွန့်ခွာရွေ့ပြောင်း  စခန်းများတွင် အမျိုးသားများသာမက အမျိုးသမီးများအတွက် စီးပွားရေးအခွင့်အလမ်းသည် အလွန်ပင်နည်းပါးသည်။ သို့သော် အမျိုးသမီးများအတွက် စီးပွားရေးအခွင့်အလမ်းများ ကင်းမဲ့ခြင်းသည် လူကုန်ကူးမှုအန္တရာယ်ကို ပိုမိုမြင့်မားစေသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမျိုးသမီးများသည် တရုတ်နိုင်ငံတွင် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခြင်းနှင့် ကလေးမွေးဖွားခြင်း အတွက် လူကုန်ကူးခြင်းခံခဲ့ရသည်။ ကျွန်ုပ်တို့တွေ့ဆုံခဲ့သော အရပ်ဘက် လူ့အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ပုံတင်မရှိခြင်းသည် “တိုင်းရင်းသားအမျိုးသမီးများအား ကျား၊မအခြေပြု အကြမ်းဖက်မှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ လူကုန်ကူးမှုနှင့်ခွဲခြားဆက်ဆံမှုများ ခံနေရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။ “အခြေခံလိုအပ်သော စာရွက်စာတမ်းများ မရှိခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး  

ဝန်ဆောင်မှုများကိုလက်လှမ်းမမီနိုင်ခြင်းသည် လူမှောင်ခိုကူးခြင်းလုပ်ငန်းများအား နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသည့် နည်းလမ်းတစ်ခုအနေဖြင့် ပိုမိုအားကောင်းစေပြီး ရွေ့ပြောင်း အမျိုးသမီးများ၏ အခြေခံအခွင့်အရေးများ အကြမ်းဖက်ခံရနိုင်မှု အန္တရာယ်ကိုမြင့်တက်စေနိုင်ပါသည်”ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှဖော်ပြထားပါသည်။ 

ပဋိပက္ခနှင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုများသည်  ကျား၊မရေးရာ အခြေပြု အကြမ်းဖက်မှုများကို တိုးပွားစေနိုင်သလို ၎င်းကိုစစ်ရေးနည်းဗျူဟာအဖြစ်မကြာခဏ အသုံးပြုခံရ လေ့ရှိပါသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာရုံး၏ အစီရင်ခံစာအရ ရိုဟင်ဂျာ နှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား အုပ်စုများ နှင့်ပတ်သက်ပြီး တပ်မတော်၏ စစ်ဆင်ရေးများတွင် အဆမတန်အင်အားသုံးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်များကို စနစ်တကျ လုပ်ဆောင်မှုများဖြင့် အရပ်သားများကို ကြောက်ရွံစိုးရိမ်မှုနှင့် ပြစ်ဒါဏ်ပေးမှုအနေဖြင့် ဗျုဟာကျကျလုပ် ဆောင်မှုများရှိကြောင်း ဖော်ပြထားပါသည်။ အဆိုပါ အစီရင်ခံစာက အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်များ၏ အဓမ္မ ပြုကျင့်ခြင်းနှင့် ကျားမရေးရာအခြေပြု အကြမ်း ဖက်မှုများ ကျုးလွန်ခံရခြင်းများကိုလည်း ဖော်ပြ ထားပါသည်။

ပဋိပက္ခနှင့်အိုးအိမ်စွန့်ခွာ ရွေ့ပြောင်းရမှုများတွင် ကျား၊မအခြေပြုအကြမ်းဖက်မှု ကိစ္စရပ်များ မြှင့်တက်လာဖို့ အခြေအနေက ဖန်တီးပေးနေပါသည်။ အမျိုးသမီးရေးရာ ကိစ္စရပ်များတွင် အရပ်ဘက်လူ့အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူတစ်ဦးမှ ထောက်ပြခဲ့သည်မှာ“ အကယ်၍ NGO တစ်ခုခုက ကျား၊မအခြေပြုအကြမ်းဖက်မှုကိစ္စတစ်ခုကို တပ်မတော်ကိုတိုင်ကြားလျှင် ပုံမှန်တုံ့ပြန်မှုမှာ ဖြစ်ပျက်မှုကိုငြင်းဆန်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  များအပေါ်အပြစ်တင်ခြင်းဖြစ်သည်။” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည်ကျား၊ မရေးရာအကြမ်းဖက်မှု ကျူးလွန်သူများကို၎င်းတို့၏ သက်ဆိုင်ရာရာထူးအဆင့်ဆင့်အလိုက် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းသော်လည်း ကျူးလွန်သူအများစုကို ထိုက်သင့်သောအရေးယူမှုပြုလုပ်ရန် ပျက်ကွက်နေဆဲဖြစ်ပါသည်။ ကချင်ဘာသာရေး အသိုင်းအဝိုင်းမှအဖွဲ့ ဝင်တစ်ဦးက“တပ်မတော်တပ်ရင်းတွေရှိရင် ဘယ်သူမှ မထွက်ရဲကြဘူး၊ ရွာသူရွာသားတွေက ကြောက်နေကြရတယ် ညဘက်မှာဘယ်သူမှမထွက်ရဲကြပါဘူး” ဟုဆိုသည်။ ကျွန်ုပ်တို့၏စစ်တမ်းအရ ဖြေဆိုသူအမျိုးသမီး၏ထက်ဝက်ထက် နည်းသောသူများသာ ၄င်းတို့ဒေသတွင် စစ်တပ် ပိုမိုတည်ရှိမှုကို လိုလားကြသည် (၄၈.၂ ရာခိုင်နှုန်း) ။ ၎င်းမှာစိတ်ဝင်စားစရာကောင်းသော်လည်း အံ့သြစရာတော့မဟုတ်ပါ ကျေးလက်ဒေသတွင် နေထိုင်သောဗမာမဟုတ်သည့် အမျိုးသမီးများအနေနှင့် ၎င်းတို့၏ရပ်ရွာတွင်စစ်တပ်ပိုမိုအခြေစိုက်ခြင်းကို လိုလားမှုနည်းခြင်းမှာသဘာဝကျပါသည်။

ကျား၊ မအခြေပြု အကြမ်းဖက်ခံရသူများသည် မကြာခဏဆိုသလို ရဲများထံတိုင်ကြား ရန်ပင်ကြောက်ရွံ့စိုးထိတ်ကြသည်။ ကျွန်ုပ်တို့၏စစ်တမ်းအရအမျိုးသမီးအများစုသည်ရာဇဝတ်မှု များကို ရဲတပ်ဖွဲ့သို့မဟုတ်ရဲဝန်ထမ်းများထက် ရပ်ရွာခေါင်းဆောင်များကို တိုင်ကြားလေ့ရှိကြသည်ကို တွေ့ရသည် ( ဇယား ၄)။ ထို့အပြင်ကျေးလက်နှင့်မြို့ပြဒေသများတွင် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာရာဇဝတ်မှုများကို အခြားရာဇဝတ်မှုများနှင့်နှိုင်းယှဉ်လျှင် ရဲများထံအစီရင်ခံရန် ဆန္ဒမရှိကြောင်းတွေ့ရှိရသည်။ တိုင်ကြားမှုပြုသည့် အခါတွင်လည်း အမျိုးသမီးများသည်ဒေသခံ NGO များထံမှ သူတို့နှင့်အတူလိုက်ပါ ဆောင်ရွက်ပေးရန် သို့မဟုတ် ကိုယ်စားတိုင်းကြားပေးရန် အကူအညီများလိုအပ်သည်။

ကျွန်ုပ်တို့တွေ့ဆုံခဲ့သည့် NGO ဝန်ထမ်းများ၏ပြောပြချက်အရ အမျိုးသမီးများနှင့် မိန်းကလေးများအနေဖြင့် ကျားမအခြေပြု အကြမ်းဖက်မှုများကို ခံစားရသည့် အခါတွင် ကျုးလွန်ခံရသူများကိုပစ်တင်ရှုံ့ချခြင်းကိုပါ ဆက်လက်ခံစားနေကြဆဲဖြစ်သည်။ UofT-IDRC စစ်တမ်းတွေ့ရှိချက်မှာ အမျိုးသမီးများအနေဖြင့်ရဲဝန်ဆောင်မှုများအတွက် စိတ်ကျေနပ်မှုမှာ ရာဇဝတ်မှုအတွက်သံသယဖြစ်ရာတွင်  (၁၄.၃ ရာခိုင်နှုန်း) သို့မဟုတ် ရာဇဝတ်မှုကျူးလွန်ခံရမှုတွင် (၃၁.၃ ရာခိုင်နှုန်း) စသည်ဖြင့် စိတ်ကျေနပ်မှု အလွန်နည်းပါးကြောင်းတွေ့ရှိရသည်။ ယေဘုယျအားဖြင့် ဤစစ်တမ်းသည်ကျေးလက်ဒေသရှိ အမျိုးသမီးများအနေဖြင့် ကျေနပ်အားရမှု အလွန်နည်းကြောင်း ပြသပါသည်။ ရန်ကုန်တွင် အခြေစိုက်သော အမျိုးသမီးများအရေးကိစ္စဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူတစ်ဦးက ဤအခြေအနေများသည် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသများမှ အမျိုးသမီးများနှင့် မိန်းကလေးများအကြား စိတ်ဒဏ်ရာများ ဖြစ်ပေါ်ခံစားရမှု ပိုမိုများပြားစေသည့်အကြောင်းအရင်းများတွင် ပါဝင်နေသည်ဟု ပြောကြားခဲ့သည်။

ရှေ့ဆက်လှမ်းရန်_ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းကို ပြန်လည်သုံးသပ်ကြည့်ခြင်း 

ဤစာတမ်းသည်ပဋိပက္ခ၏ကျား၊ မရေးရာ အကျိုးသက်ရောက်မှုကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆီသို့  အောင်မြင်သော အသွင်ကူးပြောင်းမှုအတွက် ဖြေရှင်းရန်လိုအပ်သည့် ပြဿနာများစွာကို မီးမောင်းထိုးပြသည်။ ဒေသအဆင့်တွင်ကျား၊မရေးရာထည့်သွင်းစဉ်းစားခြင်းမရှိသော မူဝါဒချမှတ်ခြင်းမှ ကျောခိုင်းရန်နှင့်ဆယ်စုနှစ်များစွာရှည်ကြာနေသော ပဋိပက္ခနှင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုများသည် ကျား၊ မရေးရာအကျိုးသက်ရောက်မှုများရှိသည်ကို အသိအမှတ်ပြုရန်လိုအပ်သည်။ ပဋိပက္ခနှင့်ပဋိပက္ခအလွန်ကာလများတွင်လည်း အမျိုးသားများ၏ စစ်မှုထမ်းခြင်းအတွေ့အကြုံများ၏ အကျိုးဆက်များနှင့် စီးပွားရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကို ကိုင်တွယ်ရန်လိုအပ်သည်။ ပဋိပက္ခတွင် အမျိုးသမီးများ၏ အတွေ့အကြုံများကို လည်းကိုင်တွယ်ရန်လည်းလိုအပ်ပြီး ပဋိပက္ခကြောင့်အမျိုးသမီးများအနေဖြင့် စီးပွားရေးဆိုင်ရာ ထိခိုက်နိုင်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊မအခြေပြုအကြမ်းဖက်မှုများ အတွက် ထိခိုက်လွယ်မှုများ ဖြစ်စေနိုင်ပါသည်။

ပဋိပက္ခသည်ကျား၊ မရေးရာခွဲခြားမှုဓလေ့ထုံးစံများနှင့် ခွဲခြားမှုဆိုင်ရာအမြင်များကို အားဖြည့်ပေးခဲ့ပြီး ဒီမိုကရေစီနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးက ၎င်းတို့အားအလို အလျောက်ပယ်ဖျက်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အမျိုးသားများသည် နိုင်ငံရေး အင်စတီးကျုးရှင်းများနှင့် အများပြည်သူရှေ့မှောက်တွင်ပိုမိုပြီးကိုယ်စားပြုပါဝင်နေခြင်းမျိုးဖြစ်ဖို့သေချာပါသည်။  ရှေ့တွင် ဖော်ပြခဲ့သည့်နည်းတူ ယောကျ်ားဆန်ရမည်ဟူသော စံနှုန်းသတ်မှတ်ချက်များကြောင့် အမျိုးသားများ အနေဖြင့် သူတို့၏စစ်ပွဲနှင့်ပတ်သက်သော တွေ့ကြုံခံစားရမှု နှင့် စိတ်ဒဏ်ရာအကြောင်းပြောဆိုနိုင်ဖို့ အတားအဆီးဖြစ်စေနိုင်သည်။ မူဝါဒများနှင့်မူဝါဒချမှတ်ခြင်းများသည် နာကြည်းမှုများ သို့မဟုတ် အပစ်ပယ်ခံအမျိုးသားများ အားထည့်သွင်းစဉ်းစားမှုရှိဖို့ သေချာမှုစေရန်လိုအပ်သည်။ နိုင်ငံရေးအပေါ်ယံလွှာတွင် ပါဝင်နေကြသူအမျိုးသားများသည် စစ်မှုထမ်းခဲ့ကြရသော အညတရ စစ်သားဟောင်းများ၏ အတွ့အကြုံ၊ အမြင်ရူ့ထောင်များနှင့်များစွာ ဝေးကွာနေနိုင်ပါသည်။ ထို့‌ကြောင့် ထိုကဲ့သို့သောအမြင်ရူထောင့်များကို ဆွေးနွေးဝေမျှနိုင်မည့် နေရာတစ်ခုကို ဖန်တီးရန်လိုအပ်ပါသည်။  

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ဆောင်ခြင်းသည် အမျိုးသမီးများအတွက် အကျိုးရှိမည်ဟု တရားသေဆိုနိုင်မည် မဟုတ်ပေ။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည် ဒေသအဆင့်တွင် တာဝန်ခံမှု ပိုမိုမြင့်မားစေပြီး ဝန်ဆောင်မှုများကို ပိုမိုရရှိစေနိုင်မည်ဟု ထင်လေ့ရှိတတ်ကြသည်။ အမျိုးသမီးများသည် များသောအားဖြင့် မိသားစုဝင်များ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များနှင့် ဆက်စပ်မှု ရှိကြသည်ဟု ယူဆကြသောကြောင့် ဒေသန္တရအစိုးရများအနေဖြင့် အမျိုးသမီးများ၏ စိတ်ဝင်စားမှု များနှင့် စိုးရိမ်ကြောင့်ကြမှုများကို တိုက်ရိုက်တုန့်ပြန် လုပ်ဆောင်မှုပေးနေသည်ဟု ထင်ရနိုင်သည်။ ပါဝင်နိုင်မှုအရ ကြည့်မည်ဆိုလျှင် ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများသည်  အမျိုးသမီးများအတွက် ဝင်ရောက်ရန် အတားအဆီးများ နည်းပါးသည်ဟုထင်ရသောကြောင့် အမျိုးသမီးများအတွက် အထူး သင့်လျော်သည်ဟု ရူမြင်ကောင်းရူမြင်နိုင်မည်။ သို့သော်ဗဟိုချုပ်ကိုင်မှုလျှော့ချမှုဖြစ်စဉ်ရှိ အဖွဲ့အစည်းများတွင် အမြစ်တွယ်နေသော၊ စနစ်များ၊ အာဏာနှင့်ဆက်နွယ်မှုများ ဆက်လက်တည်ရှိ နေနိုင်သည်ကိုသတိပြုသင့်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်းများ၏ ၁၃.၃ ရာခိုင်နှုန်းသာ အမျိုးသမီးများဖြစ်ကြသည်။ ပြည်နယ်နှင့် တိုင်းဒေသများရှိ လွှတ်တော်များတွင် (ရန်ကုန်နှင့်စစ်ကိုင်းတိုင်းဒေသကြီးများမှအပ)  အမျိုးသမီး အမတ်များ၏ပါဝင်မှုသည် ၁၀ ရာခိုင်နှုန်းအောက်သာရှိခဲ့သည်။ ကျွန်ုပ်တို့၏စစ်တမ်းအရ နေ့စဉ် ဒေသန္တရဆိုင်ရာအုပ်ချုပ်မှုတွင် ပြီးခဲ့သောငါးနှစ်တာကာလအတွင်း အမျိုးသမီးများ၏ အသံကိုအများဆုံးတင်ပြသင့်သည့် အရေးကြီးဆုံးပြဿနာများအနက်မှ တစ်ခုဖြစ်သည့် လုံခြုံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် အမျိုးသမီးများ၏ပါဝင်မှုနည်းသည်ကိုတွေ့ရပါသည်။

              ကိုးကား။  ။ Uoft-IDRC ပြည်သူ့ဝန်ဆောင်မှု စစ်တမ်း ချင်း၊ ကချင်၊ ကရင် နှင့် မကွေး။ ၂၀၁၉

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အားလုံးပိုမိုပါဝင်နိုင်သည့် ဖြစ်စဉ်တစ်ခုဖြစ်သင့်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ပါ ဝင်သူများက ကျား၊မရေးရာပါ ဝင်မှုရှိရန် ကတိကဝတ် ပေးခဲ့ကြသော်လည်းအမျိုးသမီးပါဝင်မှု ၃၀% ပင်မရှိနိုင်သေးပါ. Mollie Pepper ၏မကြာသေးမီက ပြုလုပ်ခဲ့သောလေ့လာမှုတွင် မြန်မာအစိုးရအနေဖြင့် အမျိုးသမီးများပိုမိုပါဝင်မှုတိုးမြှင့်ပေးမည်ဟု ကတိပေးထားသော်လည်း အမျိုးသမီးများသည် မူဝါဒလုပ်ငန်းစဉ်တွင် ဖယ်ကျဉ်ထားခံနေရဆဲ ဖြစ်နေဦးမည်ဟု ယူဆရပါသည်။ အလားတူ စာတမ်းများတွင်လည်း အမျိုးသမီးများသည် အမျိုးသမီးအဖွဲ့အစည်းများမှ တဆင့်ဖွဲ့စည်းထားသော လူထုအခြေပြု လူမှုအဖွဲ့အစည်းလှုပ်ရှားမှု များကြောင့် သော်လည်းကောင်း အရပ်ဘက်အဖွဲ့အစည်းများတွင် တက်ကြွလှုပ်ရှားသူများ အဖြစ်သော်လည်းကောင်း ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိကပါဝင်သူများ ဖြစ်ကြကြောင်းကိုတွေ့ရှိရသည်။

အချုပ်အားဖြင့်မြန်မာနိုင်ငံရှိသက်ဆိုင်သူများသည် စီမံအုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကျား၊မရေးရာထည့်သွင့်စဉ်းစားမှုကို ဆက်လက်ကျိုးပန်း လုပ်ဆောင်သင့်သည်။ သို့မှသာ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ မတူညီသော လိင်ကွဲပြားမှု အုပ်စုများ၏ လူမှုရေးဆိုင်ရာ ဒဏ်ရာဒဏ်ချက်များကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပိုမိုခိုင်မာသည့် ငြိမ်းချမ်းရေးကို ဖန်တီးနိုင်မည်ဖြစ်သည်။

 

(Featured Image: Jae Park)

Jae Park သည် တိုရွန်တိုတက္ကသိုလ်၏ ကျားမရေးရာနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုင်ရာ Toronto-IDRC  သုတေသနစီမံကိန်းအဖွဲ့ဝင် ဖြစ်သည်။ လက်ရှိတွင် တိုရွန်တိုတက္ကသိုလ်နိုင်ငံရေးသိပ္ပံမှ Ph.D ကျောင်းသားဖြစ်သည်။ သူသည်ပြည်တွင်းစစ်နှင့် နိုင်ငံရေးအကြမ်းဖက်မှုများကို လေ့လာနေသူဖြစ်သည်။

Alexandre Pelletier သည်တိုရွန်တိုတက္ကသိုလ်၏ မြန်မာနိုင်ငံရှိကျားမရေးရာနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုင်ရာ Toronto-IDRC  သုတေသနစီမံကိန်းအဖွဲ့၏ ညှိနှိုင်းရေးမှုး တစ်ဦးဖြစ်သည်။ သူသည် Cornell University ရှိအရှေ့တောင်အာရှအစီအစဉ်တွင် SSHRC ပါရဂူဘွဲ့ရဖြစ်ပြီး တိုရွန်တိုတက္ကသိုလ်မှပါရဂူဘွဲ့ကို (၂၀၁၉) တွင်ရရှိခဲ့ပါသည်။ အရှေ့တောင်အာရှရှိ အမျိုးသားရေးဝါဒ၊ လူမျိုးရေးဘာသာရေးပဋိပက္ခနှင့် ဖက်ဒရယ်နှင့်စနစ်ဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် အဓိကအာရုံစိုက် လုပ်ဆောင်နေသူဖြစ်သည်။ သူသည်အထူးသဖြင့် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် အဓိကကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့သူဖြစ်သည်။

 

 

This is a translation of: Gender, Violence and Ethnic Conflict in Myanmar - Tea Circle Oxford, July 8, 2020

 

Learn more about the International Development Research Centre (IDRC) Knowledge for Democracy Myanmar (K4DM) Initiative.