မြန်မာနိုင်ငံရှိ သုတေသန လုပ်ငန်းစဉ်များကို အကဲဖြတ်ခြင်း

အကျဉ်းချုပ်နှင့် သုံးသပ်ချက်
Centre for Economic and Social Development & Global Development Network

 

မသက်ဆိုင်ကြောင်းရှင်းလင်းချက်

ဤအစီရင်ခံစာတွင် ဖော်ပြထားသည့် သဘောထားအမြင်များသည် IDRC (သို့) အုပ်ချုပ်ရေးမှူး များဘုတ်အဖွဲ့၏ သဘောထားများကို ကိုယ်စားပြုခြင်းမဟုတ်ပါ။

ဤအစီရင်ခံစာကို Global Affairs Canada နှင့် အော်တဝါ၊ ကနေဒါရှိ International Development Research Centre ၏ ထောက်ပံ့မှုအကူအညီ ဖြင့် ဆောင်ရွက်ထားပါသည်။

အကျဉ်းချုပ် 

 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ဖြေလျှော့မှု (political liberalization) နှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ နှင့် အထောက်အထား အချက်အလက် အခြေပြု မူဝါဒချမှတ်ခြင်းကို စတင်ဆောင်ရွက်လာသည်မှာ ဆယ်စုနှစ်တစ်ခု နီးပါးရှိခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံ၏ လူမှုသိပ္ပံသုတေသနစနစ်နှင့် လုပ်ငန်းများတွင် အခြေခံလိုအပ်ချက်များရှိဆဲဖြစ်ပါသည်။ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့်နည်းတူ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုရည်ရွယ်ချက်များနှင့် နိုင်ငံတော်မူဝါဒ ဆိုင်ရာ ရည်မှန်းချက်များကိုဖော်ဆောင်ရာတွင် အစိုးရနှင့် မိတ်ဖက်အဖွဲ့အစည်းများက လူမှုရေးသိပ္ပံ၏ အရေးပါမှုကို အသိအမှတ်ပြုမှု အားနည်းနေသေးသည်။ ဘဏ္ဍာရေး အကန့်အသတ်များနှင့် ဖွံ့ဖြိုးရေးအရ ဦးစားပေးရမည့် အကြောင်းအရာများ၏ ထွေပြားမှုများက အဆိုပါအားနည်းချက်ကို ပိုမိုဆိုးဝါးစေပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်လျှက်ရှိသော နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများက ပံ့ပိုး ပေးသည့် သုတေသန စာတမ်းများကို သာ ပိုမို အလေးထား လက်ခံစဉ်းစားကြပြီး ပြည်တွင်းသုတေသနစနစ်တရပ် ဖွံ့ဖြိုးတိုးတက်လာစေရန် အာရုံစိုက်မှုနည်းပါးနေပါသည်။

 

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ သုတေသနစနစ်နှင့် ဖြစ်စဉ်များကို ခြုံငုံနားလည်သဘောပေါက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပြုပြင် ပြောင်းလဲ မှုများကို လက်တွေ့အခြေအနေများနှင့် ဆက်စပ်စဉ်းစား  အကောင်အထည်ဖော်နိုင်စေရန်  အကြံပြုထားပါ သည်။ ဤစာတမ်း၏ ချည်းကပ်မှု တွင် ကိန်းဂဏန်းအခြေပြုနည်းလမ်း နှင့် ကြောင်းကျိုးဖြစ်စဉ်အခြေပြုနည်းလမ်း နှစ်ခုစလုံးဖြင့်  ရောနှောလေ့လာထားပြီး သုတေသီများ၊ သုတေသန စီမံခန့်ခွဲ သူများ၊ မူဝါဒနှင့် သက်ဆိုင်သူများကို ဦးတည်သည့် မေးခွန်းလွှာများမှတစ်ဆင့် အထောက်အထား အချက်အလက်များကို စစ်တမ်းများ ကောက်ယူစုဆောင်းကာ နယ်ပယ်သတ်မှတ်မှု နှင့်စပ်လျဉ်းသည့် တွေ့ဆုံမေးမြန်းမှုများ (scoping interviews) နှင့် နောက်ဆက်တွဲ အသေးစိတ်တွေ့ဆုံမေးမြန်းမှုများ (in-depth interviews) တွင် ကြောင်းကျိုးဖြစ်စဉ် အချက်အလက်များကို ထပ်မံ ကောက်ယူခဲ့ပါသည်။

 

ဤသုတေသနလုပ်ငန်းစဉ်များကို အကဲဖြတ်ခြင်း (Doing Research Assessment -DRA) နည်းလမ်းတွင် အပိုင်း သုံးပိုင်း ပါဝင် ပါသည်။ ပထမအပိုင်းတွင် သုတေသနအဖွဲ့က ဆင့်ပွား အချက်အလက်များ (secondary data) ကို အသုံးပြုကာ နောက်ခံအခြေအနေများကို ခြုံငုံသုံးသပ်ခဲ့ကြပြီး မြန်မာ့ လူမှုသုတေသနစနစ်၏ အခြေအနေကို နက်နက်နဲနဲ သိနားလည်စေရန် အရေးပါသည့် သက်ဆိုင်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဒုတိယအပိုင်းတွင်  အရေးပါသည့်သက်ဆိုင်သူများ (key actors) ကို တွေ့ဆုံဆွေးနွေးမှုများ မှ တဆင့် သုတေသနဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေသူများ၏ အနေအထားများကို ခြုံငုံလေ့လာခဲ့ပါသည်။ ထို့ပြင် သက်ဆိုင်သူအုပ်စုအကြားရှိ ဆက်စပ်မှု နှင့် အရွေ့ (dynamics) ကို ပိုမိုသိနားလည်စေရန် ဆင့်ပွားအချက် အလက်များနှင့် scoping interview များမှ ရရှိလာသည့် သတင်းအချက်အလက်များကို သုတေသနအဖွဲ့က ထပ်မံအသုံးပြုခဲ့ ဆန်းစစ်ခဲ့ပါသည်။ တတိယအပိုင်းတွင် ခေါင်းစဉ်ခွဲများ (sub-theme) မှတစ်ဆင့် အခြား နိုင်ငံများတွင်ဖြစ်ပေါ်နေသည့် သုတေသန စနစ်များနှင့် နှိုင်းယှဉ် လေ့လာရန် စီစဉ်ထားသည့် ဘုံမူဘောင်တစ်ခု ဖြစ်သော DRA မူဘောင် (GDN 2017) အသုံးပြုကာ သုတေသန လေ့လာတွေ့ရှိ ချက်များကို စစ်တမ်းကောက်ယူကာ ကိန်းဂဏန်များအား ထုတ်နှုတ်သုံးသပ်ပြီး ကြောင်းကျိုးဆက်စပ်မှုများကို လေ့လာခဲ့ပါသည်။

 

အဓိကတွေ့ရှိချက်များ

အစိုးရ၏ ဦးစားပေးအကြောင်းအရာများစာရင်း နှင့် ဘတ်ဂျက်များတွင် လူမှုရေးသိပ္ပံအတွက် သုတေသန ဦးစားပေးမှု နှင့် ရန်ပုံငွေလျာထားချက် နည်းပါးနေဆဲ ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း အသုံးစရိတ်စုစုပေါင်းမှ ခွဲဝေ ပေးမှု   (gross domestic expenditure on research and development (GERD)) ကို လေ့လာကြည့်ပါက သိပ္ပံ၊နည်းပညာ၊ အင်ဂျင်နီယာအတတ်ပညာနှင့် သင်္ချာ (STEM) အတွက် ၃၂.၈% ၊ စိုက်ပျိုးရေး သိပ္ပံ အတွက် ၃၂.၆%၊ ဆေးသိပ္ပံ အတွက် ၃၀% ခန့်နှင့် သဘာဝသိပ္ပံ အတွက် ၄.၂၂% နှင့် လူမှုရေးသိပ္ပံနှင့် လူသားချင်းစာနာမှုသုတေသနအတွက် ဘတ်ဂျက်၏ ဝ.၃၈% ခန့်သုံးစွဲနေကြောင်း သိရှိရပါသည်။ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆ - ၂၀၂၁ ခုနှစ်ပါ သုတေသနနှင့်ဖွံ့ဖြိုးရေး တိုးတက်မှုကိုအလေးပေးသည့် မူဝါဒအရ STEM ဘာသာရပ်များအတွက် ထိုသို့ခွဲဝေသတ်မှတ်မှုမှာ အံ့သြစရာမရှိလှသော်လည်း နှိုင်းယှဉ်မှုအရ လူမှုသိပ္ပံဘာသာရပ်များအတွက် ဘတ်ဂျက်ခွဲဝေမှုမှာ ၁ ရာခိုင်နှုန်းမျှပင် မရှိသောကြောင့် လွန်စွာ နည်းပါးလျှက်ရှိပါသည်။

 

မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ (HEIs) နှင့် အခြားသောအစိုးရ သုတေသန အဖွဲ့အစည်းများထံသို့ သုတေသနရန်ပုံငွေကို ပံ့ပိုးထားသော်လည်း တင်းကြပ်သည့် ဘဏ္ဍာရေး စည်းမျဉ်းများအတိုင်းသာ သုံးစွဲခွင့် ရှိလေရာ အဆိုပါစည်းမျဉ်းများ သည် သုတေသန စီမံကိန်းများ စီမံခန့်ခွဲရာတွင် ခက်ခဲစေပါသည်။ ထိုသို့ဖြစ်ခြင်းက ပြောင်းလဲနေ သည့်အခြေအနေများ (သို့) မူဝါဒ အပြောင်းအလဲများနှင့် လျင်မြန်စွာ လိုက်လျောညီ ထွေရှိစေရန်အလို့ငှာ ကာလရှည်သုတေသနပြုနိုင်မှု (သို့) ခေါင်းစဉ်ပြောင်းဘတ်ဂျက်သုံးစွဲကာ သုတေသနဆောင်ရွက်နိုင်မှုကို ကန့်သတ်ထား ပါသည်။    နိုင်ငံတကာအလှူရှင်များ၏ သတ်မှတ်ချိန်အတွင်း ပြီးစီးမှုအစီရင်ခံစာလိုအပ်ချက်များကလည်း ပြည်တွင်း စီမံခန့်ခွဲသူများနှင့် မူဝါဒ ချမှတ်သူများ၏ လုပ်ပိုင်ခွင့်အပေါ် ထပ်မံအဟန့်အတား ဖြစ်စေ ပါသည်။

 

မြန်မာနိုင်ငံတွင် ယခုထက်တိုင်  အမျိုးသားအဆင့်သုတေသနမူဝါဒမရှိပါ။ အမျိုးသားအဆင့်သုတေသန မူဝါဒမရှိသေးသဖြင့် လက်ရှိဆောင်ရွက်လျှက်ရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တရပ်ဖြစ်သည့် အဆင့်မြင့်ပညာအဖွဲ့အစည်းများ တွင်ဗဟိုချုပ်ကိုင်မှုဖြေလျော့ခြင်းကို အလေးပေး အကောင်အထည် ဖော်သည့်အခါ အဆိုပါအဖွဲ့အစည်းများ၏ သုတေသန စုဖွဲ့မှု နှင့် စွမ်းရည်ကို ပိုမိုအားနည်းစေနိုင်ပါသည်။  အထူးသဖြင့် လူမှုရေးသိပ္ပံနှင့်စပ်လျဉ်းပြီး သုတေသနစနစ် ဖြစ်တည်မှုကို ပိုမို အားနည်းစေနိုင်ပါသည်။ ထိုအခါ ကျယ်ပြန့်သည့် အဆင့်မြင့်ပညာမူဝါဒဘောင်များ အောက်တွင် လူမှုသိပ္ပံ သုတေသစ နစ်  ပိုမို တိမ်မြုတ်သွားနိုင်ပါသည်။

 

မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများမှ သုတေသီများသည် ‘အစိုးရဝန်ထမ်းများ’ ဖြစ်သည့်အားလျော်စွာ အစိုးရတက္ကသိုလ်များ၏ စီမံခန့်ခွဲရေး တာဝန်များ၊ ကျောင်းသား/သူများအား ကြီးကြပ်ခြင်း (သို့)  သင်ကြားရေးတာဝန်များကို  မကြာခဏဆိုသလို တာဝန်များစွာဖြင့် ဝန်ပိနေကြရပါသည်။ ရာထူးတိုးနိုင်ခြင်းသည် စီမံခန့်ခွဲရေးတာဝန်များကို ပိုမိုထမ်းဆောင်နိုင်ခြင်းနှင့် ဆက်စပ်လျှက်ရှိရာ သုတေသနစီမံကိန်းများ  နှင့် သင်ကြားရေးကိစ္စများ အတွက်အချိန်မပေးနိုင်ဘဲ ဖြစ်နေတတ်သည်။

 

မြန်မာနိုင်ငံတွင် သုတေသီများ၏ ၇၅% သည် အမျိုးသမီးများဖြစ်ပါသည်။ ထိုအချက်သည် အိမ်ထောင်စု တခုတွင် အမျိုးသားများကသာ အဓိကဝင်ငွေ ရှာပေးရသူများ ဖြစ်လေ့ရှိပြီး အမျိုးသမီး များကမူ ဒုတိယလိုက်သူဖြစ်သည်ဟူသည့် မှားယွင်းသည့် အယူစွဲကိုလည်း ထင်ဟပ်ဖော်ပြပါသည်။ ထိုအယူအဆအရ တက္ကသိုလ်ဝန်ထမ်း များ၏ လစာ ပါးနေခြင်းကြောင့် အဆင့်မြင့်ပညာရေးကဏ္ဍတွင် အမျိုးသားများ အလုပ်လုပ်ကိုင်မှုကို နည်းပါးစေခြင်း ဟူသည့် ကောက်ချက်ကို ဖြစ်ပေါ်စေပါသည်။

 

အစိုးရသုတေသနအဖွဲ့အစည်းများ၊ အစိုးရအဆင့်မြင့်ပညာအဖွဲ့အစည်းများ (HEIs) နှင့် အခြားသော သက်ဆိုင်သည့် အစိုးရဌာနများကြားတွင် ညှိနှိုင်းဆောင်ရွက်မှု (သို့) ပူးပေါင်းဆောင်ရွက်မှု နည်းပါးပါသည်။ ဆိုလိုသည်မှာ သုတေသနလုပ်ငန်းစဉ်ကို သက်ဆိုင်ရာအစိုးရဌာနများက များသောအားဖြင့် ‘ပိုင်ဆိုင်’ ကြပါသည်။ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းကြောင့် ပြုလုပ်ပြီးသား သုတေသနများ ပြန်လည်ပြုလုပ်ခြင်း၊ သုတေသနများကို မလိုအပ်ဘဲ ထပ်မံပြုလုပ်ခြင်းကို ဖြစ်ပေါ်စေပြီး သုတေသီများအနေဖြင့် ယုံကြည်ရလောက်သည့် (သို့) နောက်ဆုံးရအချက်အလက် (up-to-date data) များကို ရရှိနိုင်ရန် အတွက်လည်း ခက်ခစေပါသည်။.

 

မြန်မာနိုင်ငံတွင် တရားဝင်ချမှတ်ထားသည့် သုတေသီအချင်းချင်းသုံးသပ်ပေးသည့်ယဉ်ကျေးမှု (peer review culture) မရှိသေးပါ။ သုတေသနအရည်အသွေးနှင့် စပ်လျဉ်းပြီး အထူးတလည် ဆွေးနွေးပြောဆိုခြင်းလည်း မရှိသေးပါ။ သုတေသနကို အဓိက အာရုံစိုက်လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများရှိ တက္ကသိုလ်များနှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများရှိ တက္ကသိုလ်များတွင်သာ တက္ကသိုလ်အလိုက် ကိုယ်ပိုင်သုတေသန ဂျာနယ်များ ထုတ်ဝေလေ့ရှိပါသည်။ ယင်းတို့ သည် တက္ကသိုလ်တစ်ခုချင်းစီ၏ လိုအပ်ချက်အရ ဒေသအတွင်းထုတ်ဝေသည့် အတိုင်းအတာ အားဖြင့်သာ ဆောင်ရွက်လေ့ရှိပါသည်။ ပုံနှိပ်ထုတ်ဝေမှုနှင့် ဆရာ၊ဆရာမများ ရာထူး တိုးခြင်း ဆိုင်ရာ ဆုံးဖြတ်ချက်များ တွင် အရည်အသွေးထက် အရေ အတွက်က လွှမ်းမိုးနေပါသည်။ သုတေသီအချင်းချင်း သုံးသပ်ပေးသည့် ယဉ်ကျေးမှုမရှိသဖြင့် စံသတ်မှတ်ချက်များသည် နိမ့်ကျနေဆဲဖြစ်ပါသည်။

 

မူဝါဒဆိုင်ရာဆွေးနွေးမှုများတွင် လူကြိုက်များသည့်အတွေးအမြင်များက သုတေသန အထောက်အ ထားကို လွှမ်းမိုးနေတတ်ပါသည်။ ‘‘လူအများ စိတ်ဝင်စားသည့် မျက်နှာဖုံး ခေါင်းစဉ်များ (hot topics)’ နှင့် စပ်လျဉ်းပြီး နိုင်ငံတော်အဖွဲ့အစည်းများကလည်း တရားဝင်ပြန်ကြား ဆက်သွယ်မှုများထက်စာလျှင် Facebook ကဲ့သို့သော ဆက်သွယ်ရေး စင်္ကြံများအပေါ် အလွတ်သဘော ပြန်ကြားဆက်သွယ်မှုများ အတွက် မှီခိုနေခြင်းသည် နိုင်ငံရေးငြင်းခုံမှုများကို ပိုမို ဖြစ်ထွန်းစေပြီး အကြောင်းအရာ အထောက်အထားများ၏ အရေးပါမှုကို အားနည်းစေပါသည်။ ထိုအခါ သုတေသီအများစုသည် မိမိတို့၏ တွေ့ရှိချက်များကို လူမှုမီဒီယာများမှ တစ်ဆင့် ဆွေးနွေးတင်ပြရန် ခက်ခဲလာပါသည်။  ရလဒ်အားဖြင့် Facebook မှတစ်ဆင့် သုတေသန အထောက်အထား ပြန့်ပွားနိုင်မှု သည် အကန့်အသတ်ရှိပါသည်။

 

သုတေသီများ၊ အဖွဲ့အစည်းများနှင့် မူဝါဒချမှတ်သူများကြားတွင် အလွတ်သဘောချိတ်ဆက်မှုဖြင့်သာ လုပ်ငန်းဆောင်ရွက်လေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများ နှင့် မတူသည့် အချက်တချက်မှာ အထောက်အထားအခြေပြုသည့်မူဝါဒချမှတ်ခြင်းအတွက် သုတေသနအချက် အလက်များ နှင့် တွေ့ရှိချက်များ ရှားပါးနေခြင်း မဟုတ်ခြင်း ဖြစ်သည်။ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ် တွင်  အထက်မှအောက်သို့စီးဆင်းမှုသဘောသဘာ၀ (top-down nature) လွန်ကဲနေမှု ကြောင့် သာ အဆိုပါ အချက်အလက်နှင့် အထောက်အထားများအပေါ် သုံးစွဲမှု နှင့် လက်ခံအရေးယူမှု များ ကန့်သတ်ခံ ထားရခြင်း ဖြစ်ပါသည်။ မူဝါဒ ချမှတ်သူများသည် အထောက်အထားကို များသောအားဖြင့် လျစ်လျူ ရှု ထား တတ်ပါသည်။ သုတေသီများ အနေဖြင့်လည်း အစိုးရက တာဝန်ပေးသည့် သုတေသနအလုပ်များကို အလွတ်သဘောအရ လုပ်ဆောင်ရလေ့ရှိပြီး မူဝါဒချမှတ်သူများနှင့် အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်စေရန် တည်ဆောက်ခြင်း (သို့) ထိန်းသိမ်းခြင်းအတွက်ဟုသာ မှတ်ယူလုပ်ဆောင်ကြလေ့ ရှိပါသည်။ ထို့ကြောင့် တိကျသော တာဝန်ပေးမှု နှင့် ထောက်ပံ့မှု သဘောထားပုံစံ (notion of grants)  မရှိသေးသဖြင့် သုတေသနအများစုသည် ‘လူမသိသူမသိ (under the radar)’ စာအုပ်စင် အလှပြကျမ်းများ သက်သက်သာ ရှိနေပါသည်။ 

 

အပြောင်းအလဲမောင်းတံများ

 

•          မြန်မာနိုင်ငံတွင်ပြုလုပ်သည့် သုတေသနဆောင်ရွက်ချက်များကို ကြီးကြပ်ပေးမည့်၊ အဆင်ပြေ ချောမွေ့ စေမည့်၊ ညှိနှိုင်းပေးမည့်၊ ကူညီပံ့ပိုးပေးမည့်၊ မှတ်တမ်းတင်မည့် အမျိုးသားအဆင့် သုတေသန အဖွဲ့အစည်း တစ်ခုတည်ထောင်ရန် လိုအပ်လျှက် ရှိပါသည်။  အမျိုးသားအဆင့်သုတေသနစနစ်၏ အရေးကြီးသည့် အင်္ဂါရပ် အဖြစ် လူမှုရေးသိပ္ပံ သုတေသနစုဖွဲမှုကိုလည်း ထူထောင်ရန် အရေးပါသည်။  အဆိုပါအဖွဲ့အစည်းသည် သုတေသနအဖွဲ့အစည်းအသီးသီးနှင့် အစိုးရသုတေသနအဖွဲ့အစည်းများ အကြား ခိုင်မာသည့် လုပ်ငန်း ခွင်ဆက်ဆံရေးကို ထူထောင်ပေးနိုင်ပြီး သုတေသနအရည်အသွေးနှင့် ကျင့်ဝတ်နှင့် စပ်လျဉ်းသည့် အပြန်အလှန်ထိန်းကျောင်းမှုများကိုလည်း ကောင်းမွန်စေ ပါသည်။

 

•          အဆင့်မြင့်ပညာအဖွဲ့အစည်းများတွင် သုတေသနပြုရာတွင် အားကောင်းသည့်၊ အလုပ်တွင်သည့် သုတေသန အကဲဖြတ်မှုလုပ်ငန်းစဉ် / သုတေသီအချင်းချင်းသုံးသပ်သည့်စနစ်ကို ထူထောင်ရန် လိုအပ်လျှက်ရှိပါသည်။ သုတေသီအချင်းချင်းသုံးသပ်သည့်စနစ်သည် ထွန်းသစ်စ သုတေသန စနစ် အတွက် များစွာအကျိုး ရှိစေပါမည်၊ တက္ကသိုလ်များအတွင်း စာကြည့်တိုက်များထူထောင်ကာ သုတေသန စနစ် ဖွံ့ဖြိုးမှု ကို အားပေးခြင်းထက် ပိုမို အကျိုးရှိနိုင်စေမည် ဖြစ်သလို ကျယ်ပြန့်သော အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည် ဖြစ်သည်။ သုတေသနစာတမ်းများ၏ အရည်အသွေးကို တိုးတက်စေခြင်းသည် မူဝါဒ ချမှတ်သူများနှင့် အများပြည်သူတို့က သုတေသနစာစောင်များအပေါ် ယုံကြည်လက်ခံမှုမြင့်တက်လာပြီး ပိုမို ရည်ညွှန်း အသုံးပြုလာမည်ဖြစ်ပါသည်။  

 

•          အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် HEI များအတွက် သုတေသနစွမ်းရည်၊ အခြေခံအဆောက်အဦနှင့် ရန်ပုံငွေတို့တွင် ဘတ်ဂျက်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးလျာထားရန် အထူးလိုအပ်လျှက်ရှိပါသည်သို့မှသာ အထောက်အထား အချက်အလက်အပေါ်အခြေပြုသည့်မူဝါဒသုတေသနအတွက် မြင့်တက်လာသည့် တောင်းဆိုမှုကို ပြည့်မီနိုင်အောင် ဖြည့်စည်းနိုင်မည် ဖြစ်ပါသည်။ အထောက်အထား အချက်အလက် အပေါ် အခြေပြုသည့်သုတေသန နှင့်စပ်လျဉ်း သည့် တောင်းဆိုမှုမြင့်တက်လာသည်နှင့်အမျှ  ကျဉ်းမြောင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုထားသည့် ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းမျာမှသည် မူဝါဒချမှတ်မှု၏ အခြေခံ လုပ်ငန်းစဉ်များ၊ ရလဒ်များနှင့် သက်ရောက်မှုများကို ဆန်းစစ်နိုင်မည့် ပိုမိုကျယ်ပြန့်သော လူမှုရေး သိပ္ပံသုတေသနအဖြစ် ပြောင်းလဲတိုးတက် လာနိုင်မည် ဖြစ်ပါသည်။ အဆိုပါ တောင်းဆိုမှုများ သည် ဗဟိုအစိုးရစီမံကိန်းရေးဆွဲသူများထံမှသာမက မူဝါဒနှင့်သက်ဆိုင်သူ များဖြစ်ကြသည့် ဒေသဆိုင်ရာ အစိုးရများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေး ပါတီများ၊ ပုဂ္ဂလိက ကဏ္ဍ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ထံမှလည်း တိုးတက်များပြားလာနိုင်ရာ မူဝါဒကောင်းများ ပေါ်ထွန်းရေးအတွက် များစွာ အထောက်အကူ ပြုနိုင်င်ပါသည်။

 

•          မူဝါဒချမှတ်သူများထံသို့ သက်ဆိုင်သည့်ပညာရပ်ဆိုင်ရာ ပံ့ပိုးမှု နှင့် အကြံဉာဏ်များကို အချိန်နှင့်တစ်ပြေးညီ ပေးနိုင် စေရန် ဒေသခံသုတေသီများအား စွမ်းရည်မြှင့်ပေးရန် အထူး လိုအပ်လျှက်ရှိပါသည်။   မူဝါဒများကိုရွေးချယ်မှုသည် မြေပြင်အခြေအနေများနှင့် များစွာ သက်ဆိုင် ပါသည်။ ပြည်ပမှပညာရှင်များ ရေးဆွဲသည့် မူဝါဒအမျိုးမျိုးအနက် အဆီလျော်ဆုံး လက်တွေ့ဆောင် ရွက်နိုင်မည့် မူဝါဒတရပ် ကို ရွေးချယ်ရန် အဆိုပြုရာတွင် ပြည်တွင်းသုတေသီများကသာ ဦးဆောင် အကြံပြုရန် အသင့်လျော်ဆုံးဖြစ်ပါသည်။ ဖြစ်နိုင်လျှင်   နိုင်ငံတော်နှင့် အစိုးရ အဖွဲ့အစည်းများကိုယ်စား မူဝါဒများကို ရေးဆွဲပေးနေသည့်  နိုင်ငံတကာအဖွဲ့အစည်းများ (သို့) နိုင်ငံတကာ ပညာရှင်များက ဆောင်ရွက် သည့် သုတေသနများတွင် ပြည်တွင်း/ဒေသခံသုတေသီများကို မဖြစ်မနေပါဝင်ခွင့် ရရှိစေရန် နိုင်ငံတော်အစိုးရ၏ မူဝါဒတရပ်အဖြစ် သတ်မှတ်တောင်းဆိုသင့်ပါသည်။  ဒေသခံသုတေသီများနှင့် နိုင်ငံတကာ သုတေသီများ အပြန်အလှန် တပြေးညီ ဆွေးနွေးအဖြေရှာခြင်းသည် မှန်ကန်သောလေ့လာ မှု ပုံစံများ ဖြစ်ထွန်းစေရန် အားပေးရုံသာမက အနာဂတ်တွင် အများပြည်သူနှင့် စပ်လျဉ်းသည့်မူဝါဒများ ထိထိ ရောက်ရောက်ချမှတ်နိုင်စေရန်အတွက် ဒေသခံသုတေသီများ၏ စွမ်းဆောင်ရည်ကိုပါ ရေရှည် တည်ဆောက်ပေးရာ ရောက်ပါသည်။

 

•          အစိုးရသုတေသနအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများနှင့် အခြားသော သက်ဆိုင် သည့် အစိုးရဌာနများကြား ပေါင်းစပ်ညှိနှိုင်းမှုနှင့် မိတ်ဖက်လုပ်ငန်းများဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သင့်ပါသည်။  အစိုးရ ဌာနများနှင့် သုတေသနအဖွဲ့အစည်းများကြား ပေါင်းစပ် ညှိနှိုင်းခြင်းသည် ယုံကြည်ကိုးစားနိုင်သည့် နောက်ဆုံးရအချက်အလက်များကို အချိန်နှင့် တပြေးညီ အသုံးချဆောင်ရွက်နို်ငသဖြင့် သုတေသနစနစ်များကို အားကောင်းစေမည် ဖြစ်ပါသည်။ သုတေသန လုပ်ငန်းစဉ်     ဒီဇိုင်း အတွက် မိတ်ဖက်အဖွဲ့ အစည်းများ၏ အမြင်များကို အစကတည်း က စုစည်း ရယူ ထားနိုင်ပါကလည်း သုတေသနအပေါ်အများက အတည်ပြု လက်ခံမှုနှင့် သုတေသန အပေါ်အခြေခံသည့် မူဝါဒကောင်းများ ထွက်ရှိလာမှုကို တွန်းအားဖြစ်စေနိုင်ပါသည်။  

 

•          သုတေသနအတွက်နိုင်ငံတော်ဘတ်ဂျက်ကို တိုးမြှင့်လျာထားသင့်ပါသည်။ ၊ ထို့ပြင် ဘတ်ဂျက် သုံးစွဲမှု နှင့် ဘဏ္ဍာရေးစည်းမျည်းအား လုပ်သာကိုင်သာရှိနိုင်မှု (flexibility) ကို တိုးမြှင့်ပေးရန် အထူးလိုအပ်နေပါသည်။  ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်သည် ၂၀၁၂/၁၃ ခုနှစ် နှင့် ၂၀၁၉/၂၀ ခုနှစ် ကာလများကြားတွင် သုံးဆနီးပါးမြင့်တက်ခဲ့ပြီး အဆင့်မြင့်ပညာဦးစီးဌာနက ဝန်ကြီးဌာန ဘတ်ဂျက် စုစုပေါင်း၏ ၁၅ - ၁၆ % ရရှိခဲ့ပါသည်။ သုတေသန ပြုလုပ်ရန်အတွက် ထပ်မံ ခွဲဝေချထားပေးမှု များ ရှိသော်လည်း သုတေသန စီမံကိန်းများသည် နှစ်စဉ် ဘတ်ဂျက်စဉ်းမျဉ်းများကို လိုက်နာရန် လိုအပ်သကဲ့သို့  စာရင်းစစ်ဆေးခြင်း အတွက်လည်း စီမံကိန်းပြီးဆုံးကြောင်း (စာတမ်း) သက်သေ အထောက်အထားများကို အချိန်မှီ ပြသရန် လိုအပ်နေပါသည်။ ထိုသို့ စည်းမျဉ်း တင်းကြပ်စွာ ချမှတ်ထားခြင်းသည် နှစ်အတန်ကြာအချိန်ယူ ဆောင်ရွက်ရမည့် သုတေသန စီမံကိန်းများ ကို ဖော်ဆောင်ရန် အခက်အခဲဖြစ်စေပါသည်။

 

•          မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများအတွက် စီးဝင်လျှက်ရှိသော နိုင်ငံတကာရန်ပုံငွေကို ထိထိရောက်ရောက် ညှိနှိုင်း ဆောင်ရွက်၍ စီမံခန့်ခွဲသွားရန် အထူးလိုအပ်ပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် အလှူရှင်များကပေးသည့် နည်းပညာအထောက်အပံ့များ၏ ရာခိုင်နှုန်း အများစုသည် အစိုးရဌာနများအတွက် မူဝါဒဆိုင်ရာအကြံပြုချက်များကို (policy input)  သုတေသနပြုလုပ်ပေးမည့်၊ ဆန်းစစ် အကြံပြုပေးမည့် နိုင်ငံတကာပညာရှင်များအတွက် ဉာဏ်ပူဇော်ခအဖြစ် အတွက် လျာထားသတ်မှတ်လေ့ရှိပါသည်။ ထိုအခါ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာပညာရှင်များကလည်း ဒေသတွင်း အသိပညာနှင့် ဒေသခံသုတေသီများ၏ အမြင်များကို မကြာခဏ လျစ်လျူရှု လေ့ရှိပါသည်။ နောက်ဆက်တွဲရလဒ်မှာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ သုတေသနများစွာသည် နေရာဒေသ မြေပြင် အခြေအနေများနှင့် ဆီလျော်မှုမရှိဘဲ လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲမည့် လုပ်ငန်းစဉ် အကြံပြုချက်များသာ ဖြစ်နေရာ သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့်လည်း လက်ခံကျင့်သုံး အကောင်အထည် ဖော်ရန်မဖြစ်နိုင်ချေ။  

 

•          သုတေသနစနစ်တွင် အရည်အသွေး၊ ကျင့်ဝတ်နှင့် သာတူညီမျှမှုကို မြှင့်တင်ရန် နိုင်ငံတကာ ရန်ပုံငွေ အထောက်အကူကို ပိုမို ရယူဆောင်ရွက်သင့်ပါသည်။ ယခုအခါ သုတေသစနစ်တွင် အရေးပါသည့် အစီအစဉ်များစွာကို ပြည်ထောင်စုအဆင့် ရှိ အဖွဲ့အစည်းများဖြစ်သော အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့က ဆောင်ရွက်နေကြသော်လည်း  နိုင်ငံတကာရန်ပုံငွေသည် နိုင်ငံ၏ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အဓိက အရင်းအမြစ် ဖြစ်နေပါသည်။ နိုင်ငံတကာ ရန်ပုံငွေများသည် ပြည်တွင်း သုတေသနလုပ်ငန်းများ၊ ပြည်တွင်းသုတေသီများ စွမ်းရည်မြှင့်တင်ခြင်း  လုပ်ငန်းများသာမက မြန်မာနိုင်ငံ၏ သုတေသနစနစ်ကြီးတခုလုံး အရည် အသွေး၊ ကျင့်ဝတ်နှင့်သာတူညီမျှမှုကို အားကောင်းစေနိုင်မည့် ဆွေးနွေးမှုများနှင့် ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို လည်း ထိရောက်စွာ ပံ့ပိုးပေးနိုင်ပါသည်။